DE

ဒေသခံမိတ်ဖက်အဖွဲ့အစည်းများနှင့် ရှေ့သို့မြန်မာအစီအစဉ်ကြား အမှတ်တရများ

FNF Myanmar

လေးနှစ်တာကာလကုန်လွန်သွားပါပြီ။ ၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အတွင်း Friedrich Naumann Foundation for Freedom (FNF) အဖွဲ့အနေဖြင့် မဲဆန္ဒရှင်ပညာပေးသင်တန်းပေါင်း ၂ဝ၁ ခု၊ ပြည်သူ့နီတိပညာပေးသင်တန်းပေါင်း ၇၇ ခုနှင့် လူထုပညာပေးဆရာဖြစ်သင်တန်း ၁ဝ ခုကို လုပ်ဆောင်ဖို့ရာ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှာရှိတဲ့ ဝေးလံခေါင်သီတဲ့ဒေသတွေကို လုပ်ငန်းမိတ်ဖက်အဖွဲ့အစည်းများဖြစ်တဲ့ ဒေသခံအဖွဲ့များ၊ Naushawng Development Institute (NDI), Scholar Institute (SI), Hornbill Organization (HBO) နှင့် Myanmar Egress (ME) စတဲ့အဖွဲ့အစည်းတွေနဲ့အတူ ဥရောပသမဂ္ဂရဲ့ကူညီထောက်ပံ့မှုနဲ့လုပ်ဆောင်လျက်ရှိတဲ့ ရှေ့သို့မြန်မာအစီအစဉ်အဖြစ် သွားရောက်ခဲ့ပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဖားပင်ကျေးရွာမှာပြုလုပ်ခဲ့တဲ့ မဲဆန္ဒရှင်ပညာပေးသင်တန်းတက်ရောက်သူတစ်ဦးက “ရွေးကောက်ပွဲမှာကျွန်တော်မဲပေးဖို့အတွက် စဉ်းတောင်မစဉ်းစားမိခဲ့ဘူး။ ဒါပေမယ့် သင်တန်းကနေတစ်ဆင့် ဒီမိုကရေစီစနစ်မှာ ကျွန်တော်တို့ နိုင်ငံသားတွေဟာ ကျွန်တော်တို့တွေရဲ့ဘဝကိုပြောင်းလဲပေးနိုင်တဲ့ နိုင်ငံရေးပါတီတွေနဲ့ခေါင်းဆောင်တွေကို မဲပေးရမယ်လို့ သဘောပေါက်နားလည်ခဲ့တယ်” လို့ သင်တန်းကရရှိခဲ့တဲ့ အကျိုးကျေးဇူးကိုပြောပြခဲ့ပါတယ်။

မဲဆန္ဒရှင်နဲ့ပြည်သူ့နီတိပညာပေးသင်တန်းတွေဟာ အလွန်ဝေးလံခေါင်ဖျားတဲ့ဒေသက ဒေသခံပေါင်း ၁၅ဝဝဝ ကျော်ကို ဒီမိုကရေစီရေးရာ၊ ရွေးကောက်ပွဲရေးရာနဲ့ပက်သက်တဲ့ဗဟုသုတတွေ ပေးနိုင်ခဲ့တဲ့အပြင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအကူးအပြောင်းဖြစ်စဉ်မှာလဲ တက်ကြွတဲ့နိုင်ငံသားတွေအဖြစ် ပါဝင်စေနိုင်ခဲ့ပါတယ်။ ရလဒ်တွေဟာ ဘာတွေပါလဲ?

၂ဝ၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ FNF အဖွဲ့နဲ့ ဒေသခံမိတ်ဖက်အဖွဲ့အစည်းတွေက ပြီးခဲ့တဲ့လေးနှစ်တာကာလ အတွင်းလုပ်ငန်းဆောင်တာတွေနဲ့ပက်သက်ပြီး ပြန်လှန်ဆွေးနွေးခဲ့ကြတယ်။ ဆွေးနွေးကြရင်းနဲ့ ဒီကာလအတွင်းမှာ လေ့လာသင်ယူခဲ့ရတဲ့သင်ခန်းစာတွေကိုမှတ်တမ်းတင်ခဲ့ကြပြီး ရရှိခဲ့တဲ့အောင်မြင်မှုတွေအတွက် တစ်ဦးကိုတစ်ဦးချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။

ဒေသခံမိတ်ဖက်အဖွဲ့အစည်းအားလုံးကနေ မိမိတို့ရဲ့အထင်ကရလုပ်ဆောင်ခဲ့တဲ့လုပ်ငန်းဖြစ်တဲ့အကြောင်း၊ မိမိတို့အဖွဲ့အစည်းဖွံ့ဖြိုးမှုအတွက်လည်း များစွာသိသာထင်ရှားတဲ့အထောက်အကူဖြစ်ခဲ့ကြောင်းကို မျှဝေခဲ့ကြတယ်။ ရှေ့သို့မြန်မာအစီအစဉ်ကတစ်ဆင့် မိတ်ဖက်အဖွဲ့အစည်းအသီးသီးဟာ မိမိတို့အဖွဲ့အစည်းရဲ့စီမံခန့်ခွဲမှုနဲ့ ဘဏ္ဍာရေးစနစ်ကို ပိုမိုကောင်းမွန်လာအောင်လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် မိမိတို့အဖွဲ့အစည်းရဲ့ တည်ဆောက်ပုံနဲ့ စွမ်းဆောင်ရည်ကို တိုးမြှင့်ဖို့ရာ ယုံကြည်မှုအပြင် လုပ်ငန်းကျွမ်းကျင်မှုတို့ကိုပါ ရရှိခဲ့ပါတယ်။

FNF အဖွဲ့နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဟာ ပြင်းထန်ဆိုးဝါးတဲ့ရာသီဥတုအခြေအနေတွေ၊ ခက်ခဲကြမ်းတမ်းတဲ့ ပို့ဆောင်ဆက်သွယ်ရေးစနစ်တွေကို ကြံ့ကြံ့ခံရင်းလက်တွဲဆောင်ရွက်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့ဝေးလံခေါင်သီတဲ့ဒေသ  တွေမှာနေထိုင်ကြတဲ့လူထုဆီကိုအရောက်သွားပြီး ဒေသခံအာဏာပိုင်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆက်သွယ်ဖို့ ခက်ခဲခဲ့တဲ့ကြားကနေ မဲဆန္ဒရှင်နဲ့ပြည်သူ့နီတိဆိုင်ရာအသိပညာတွေကို မျှဝေပေးခဲ့ကြတယ်။ ဒီလိုစိန်ခေါ်မှုတွေ၊ အခက်အခဲတွေက FNF အဖွဲ့နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့လုပ်ငန်းတွေကို များစွာအဓိပ္ပါယ်ပိုရှိစေပြီး အားကောင်းစေခဲ့ပါတယ်။

ရှေ့သို့မြန်မာအစီအစဉ်ဟာ အတူပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ ဒေသခံမိတ်ဖက်အဖွဲ့အစည်းတွေကို မြန်မာနိုင်ငံရဲ့ဒီမိုကရေစီကူးပြောင်းမှုလုပ်ငန်းစဉ်မှာ လူထုကိုကူညီရင်းနဲ့ပါဝင်နိုင်ဖို့ရာ မြေထောင်မြှောက်ပေးနိုင်ခဲ့ပါတယ်။

Scholar Institute မှ Program Manager ဖြစ်သူ ကိုအောင်ရွှေဦးမှ “၂ဝ၁၅ ခုနှစ်၊ ရှေ့သို့မြန်မာအစီအစဉ်စတင်ခဲ့စဉ်တုန်းကဆိုရင် Scholar Institute ဟာ အဖွဲ့အစည်းသေးသေးလေးတစ်ခုပါ။ လုပ်ငန်းတွေကိုဆောင်ရွက်ရင်းကနေရရှိခဲ့တဲ့ အတွေ့အကြုံတွေ၊ သင်ခန်းစာတွေကြောင့် ကျွန်တော်တို့အဖွဲ့အစည်းဟာ လုပ်ငန်းဆောင်ရွက်မှုပိုင်းမှာရော၊ ဘဏ္ဍာရေးလုပ်ငန်းစဉ်တွေဘက်မှာပါ လုပ်ငန်းကျွမ်းကျင်လာပြီး အခုဆို လုပ်ငန်းအကြီးကြီးတွေကိုပါ လည်ပတ်ဆောင်ရွက်နိုင်တဲ့စွမ်းရည်တွေရှိနေပါပြီ” လို့ မျှဝေပြောကြားခဲ့ပါတယ်။

FNF အဖွဲ့နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဟာ ရှေ့သို့မြန်မာအစီအစဉ်ရဲ့ပထမကာလပြီးတဲ့နောက်မှာ နှုတ်ဆက်ခဲ့ကြပြီးပြီ ဆိုပေမယ့် စိတ်အားထက်သန်မှုနဲ့ စည်းချက်တွေကတော့ နှေးကွေးပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။ FNF အဖွဲ့နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက မိမိတို့လမ်းကိုအသီးသီးလျှောက်ကြတော့မယ်ဆိုပေမယ့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအကူးအပြောင်းမှာ ဆက်လက်အရှိန်အဟုန်တိုးမြှင့်ပါဝင်သွားဖို့၊ နိုင်ငံသားတွေကို အားဖြည့်ပေးဖို့နဲ့ မြန်မာနိုင်ငံကို ခိုင်မာတဲ့ဒီမိုကရေစီနိုင်ငံအဖြစ် အောင်အောင်မြင်မြင်ကူးပြောင်းဖို့ရာ ဆက်လက်ကူညီပံ့ပိုးသွားဖို့ အတူတကွ ကတိပြုခဲ့ကြပါတယ်။

လျှောက်လှမ်းလာခဲ့တဲ့ကာလတွေကိုပြန်ကြည့်မယ်ဆိုရင် ရှေ့သို့မြန်မာအစီအစဉ်ရဲ့အောင်မြင်မှုဟာ FNF အဖွဲ့နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေအတွက် အမြဲရှင်သန်နေမယ့်ပုံပြင်တစ်ပုဒ်ပဲဖြစ်နေမှာပါ။