စီးပွားရေးကဒ်ဂိမ်းမိတ်ဆက်
ကဒ်များမှ တစ်ဆင့် ဘောဂဗေဒ ပညာရပ်ကို လေ့လာနိုင်မယ့် Land of Growth ကဒ်ဂိမ်းမိတ်ဆက်

စျေးကွက်စီးပွားရေးစနစ်ကို သိမြင်နားလည်ချင်သူများအတွက် FNF မှ စျေးကွက်စီးပွားရေးဂိမ်းတစ်ခုကို ဇန်နဝါရီ ၂၇ ရက်နေ့မှာ FNF Myanmar ကမိတ်ဆက်ခဲ့ပါတယ်။ Land of Growth လို့ အမည်ပေးထားတဲ့ FNF Thailand ရုံးကဖန်တီးလုပ်ဆောင်ထားတာဖြစ်ပြီးတော့ အဆိုပါကဒ်ဂိမ်းဟာ အသုံးပြုရန် လွယ်ကူပြီးတော့ နားလည်လွယ်မယ့် ပုံစံတစ်ခုအနေနဲ့ စျေးကွက် စီးပွားရေးပညာရပ်ဆိုင်ရာမှာ ပိုနားလည် သိမြင်လာစေဖို့ ရည်ရွယ်ပါတယ်။
FNF Myanmar ရုံးအနေနဲ့ အဆိုပါဂိမ်းကို ၂၀၂၂ ခုနှစ်နောက်ပိုင်းမှာ မြန်မာဘာသာပြန်ဆိုခဲ့ပြီးတော့ မိတ်ဘက်အဖွဲ့အစည်းများအကြားမှာ ဆော့ကစားနိုင်ဖို့ အတွက် ရည်ရွယ်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ စတင် မိတ်ဆက်ပေးခဲ့ပါတယ်။ FNF Myanmar ဟာ Land of Growth ဂိမ်းကို FNF ကစီစဉ်ခဲ့တဲ့ အသုံးချ Practical Economics Course နဲ့ Youth Innovation Challenge အတန်းများမှ သင်တန်းသူသင်တန်းသားဟောင်းများကိုပါ ဖိတ်ခေါ်ကာ မြန်မာဘာသာပြန်ဆိုထားတဲ့ ဂိမ်းကို ဆော့ကစားခဲ့ပါတယ်။ ဂိမ်းမစတင်ခင်မှာ စျေးကွက်စီးပွားရေးနဲ့ လစ်ဘရယ်ဝါဒတန်ဖိုးများကို သိမြင်နားလည်စေဖို့ Where You Stand ဆိုတဲ့ဂိမ်းကို ဆော့ကစားခဲ့ပြီး ပါဝင်ဆော့ကစားသူများရဲ့ နိုင်ငံရေးခံယူချက်၊ အမြင်၊စီးပွားရေးဆိုင်ရာ နားလည်မှုတို့ကို သိရှိအောင် ဆော့ကစားခဲ့တာဖြစ်ပါတယ်။ Where you Stand ဆိုတဲ့ ဂိမ်းအပြီးမှာတော့ Land of Growth ဂိမ်းကို အဖွဲ့ ၅ ဖွဲ့ခွဲကာ ဂိမ်းကိုကြီးကြပ်သူတစ်ဦးနဲ့ အတူဆော့ကစားခဲ့ပါတယ်။

FNF partners plaing card games in a group
Land of Growth ဂိမ်းမှာပါဝင်မယ့်သူတွေအနေနဲ့ လယ်ယာမြေ စိုက်ခင်း၊စက်ရုံများတည်ဆောက်ခြင်း၊ လယ်ယာမြေနဲ့ပတ်သက်တဲ့ ဗျူဟာကျကျ ဆုံးဖြတ်နိုင်ခြင်း၊ ပြိုင်ဘက်များအကြားမှာ ထုတ်ကုန်ကို ဖြန့်ဖြူးနိုင်မည့် အဆင့်အထိရောက်အောင်လုပ်ဆောင်ခြင်း၊ စတာတွေကို ကဒ် ဂိမ်းမှတစ်ဆင့်လုပ်ဆောင်ခွင့်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် စျေးကွက် အခြေအနေတွေဖြစ်တဲ့ ငွေကြေးစျေးနှုန်းပြောင်းလဲမှု၊ ဝယ်လိုအားအတက်အကျ မျှတမှုစတဲ့ အချက်အလက်တွေကို ကဒ်ဂိမ်းပါဝင်ကစားသူတွေကြားမှာ သိမြင်နားလည်လာအောင် ဆော့ကစားရမှာလည်း ဖြစ်ပါတယ်။
“Land of Growth” ကဒ်ဂိမ်းမှာ လယ်ယာမြေနဲ့ပတ်သက်တဲ့ စက်ရုံနဲ့ ထုတ်ကုန်အမျိူးအစားများပါဝင်ကာ ဆော့ကစားသူများအနေနဲ့ မိမိကျွမ်းကျင်တဲ့ နယ်ပယ်မှာ စက်ရုံတည်ဆောက်ကာ ခိုင်မာတဲ့ စီးပွားရေးစနစ်တစ်ခုကို ကစားသူများအချင်းချင်းချိတ်ဆက်ကာ ကုန်ထုတ်လုပ်မှု ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Land of Growth Card Game
ကဒ်ဂိမ်းကို စတင်အသက်သွင်းခဲ့တဲ့ FNF Thai Team နဲ့ဂိမ်းဒီဇိုင်နာတို့ ဟာ အဆိုပါကတ်ဂိမ်းကို ပညာပေးဖျော်ဖြေရန်အတွက်ရည်ရွယ်ထားပြီး ပြင်ပမှာကြုံတွေ့ရမယ့် ဘောဂဗေဒစနစ်နဲ့ပတ်သက်တဲ့ အခြေခံမူဝါဒများနဲ့ အချက်အလက်များကို သိရှိနိုင်ဖို့လည်း ရည်ရွယ်ပါတယ်။ အဆိုပါကဒ်ဂိမ်းက အသက် ၁၂ နှစ်နှင့် အထက်မည်သူမဆို ပါဝင်ဆော့ကစားနိုင်ပြီး စိန်ခေါ်မှုတွေကိုနှစ်သက်တဲ့ စီးပွားရေးလုပ်ငန်းရှင်များနဲ့ စွန့်ဦးတီထွင်မှုကို စိတ်ဝင်စားသူကျောင်းသားများအတွက် သင့်တော်တဲ့ဂိမ်းလည်း ဖြစ်ပါတယ်။
ကဒ်ဂိမ်းကို လာရောက်ကစားသူတစ်ဦးဖြစ်တဲ့ ကိုသူရိန်လွင်က “ဒီကဒ်ဂိမ်းက စိတ်ဝင်စားဖို့ ကောင်းပြီးတော့ ကျွန်တော်တို့ ရဲ့ ကျောင်းသားတွေကိုပါ အပြင်မှာကိုယ်တိုင်ပါဝင်ဆော့ကစားစေနိုင်ဖို့လည်း လုပ်ဆောင်ချင်ပါတယ်။ ဒီကဒ်ဂိမ်းကတစ်ဆင့် သူတို့အတွက်လည်း ကောင်းတဲ့ ဘောဂဗေဒနဲ့ဆိုင်တဲ့ ဗဟုသုတရမယ်လို့ ယုံကြည်ပါတယ်” လို့ ပြောပြခဲ့ပါသေးတယ်။
ကဒ်ဂိမ်းကို စိတ်ပါဝင်စားသူများအနေနဲ့ fnf.myanmar@freiheit.org ကိုဆက်သွယ်နိုင်ပါတယ်။