DE

အစိုးရ၏အခန်းကဏ္ဍ

LG

Classical လစ်ဘရယ်ဝါဒကို ကိုင်ဆောင်ထားသူများသည်  Adam Smith ၏အဆိုကဲ့သို့ပင် အစိုးရတွင် အဓိကတာဝန် (၃) ရပ်ရှိသည်ဟု ယုံကြသည်။ ယင်း (၃) ရပ်မှာ

၁။ နိုင်ငံတကာဆက်ဆံရေးများတွင် နိုင်ငံတော်ကို ကာကွယ်ရန်။

၂။ အတင်းအဓမ္မပြုခြင်းနှင့် လိမ်လည်မှုများ မဖြစ်ပေါ်ရန် တားဆီးရန်၊ ပစ္စည်းဥစ္စနျင့် သဘောတူညီထားသော စာချုပ်များကို စောင့်ရှောက်သော အပြုအမူ၊ အနေအထိုင်၊ အထွေထွေစည်းကမ်းများကို ထိန်းသိမ်းရန်နှင့် တရားမျှတမှုရှိရန် စီရင်ခြင်း၊

၃။ ပုဂ္ဂလိကအပိုင်းအနေဖြင့် မလုပ်လို (သို့မဟုတ်) ငွေကြေးအရ ကုန်ကျလွန်း၍ မတတ်နိုင်ဖြစ်နေသော ပြည်သူလူထုကောင်းရန် လုပ်ပေးရသောအလုပ်များ (ဥပမာ ငွေကြေးမတတ်နိုင်သူများအတွက် ဖူလုံမှုရှိရေး ကာကွယ်စောင့်ရှောက်ပေးခြင်း)ကို ပံ့ပိုးဆောင်ရွက်ပေးရန် ဖြစ်သည်။

Classical လစ်ဘရယ်ဝါဒကို ယုံကြည်လက်ခံသူများသည် ဤသို့ ပြည်သူလူထုကောင်းရေး အထောက်အပံ့အစီအစဉ်များတွင် အစိုးရသည် ငွေကြေးအချို့တစ်ဝက် ထောက်ပံ့ရန် လိုအပ်သည်ကို လက်ခံပါသည်။ သို့သော် ပုဂ္ဂလိက ငွေကြေးထောက်ပံ့ခြင်းနှင့် ထိုအထောက်အပံ့များကို ဗဟိုအစိုးရမှ အာဏာလွှဲကာ ဒေသနေရပ်တွင် ပုဂ္ဂလိက၏ စီမံခန့်ခွဲခြင်းကဏ္ဍများလည်း ပါဝင်သင့်သည်၊ ပါဝင်ရန်နေရာရှိသင့်သည်ဟု ဆိုသည်။

အချက်အလက်ပြည်စုံစွာမသိရှိဘဲ ဝေဖန်ဖို့သာ စိတ်ဝင်စားသူများက ဤလစ်ဘရယ်ဝါဒသည် စနစ်မကျသော အထိန်းအချုပ်ကင်းလွှတ်မှုနှင့် ဝင်ရောက်စွက်ဖက်မှုအနည်းဆုံး “ညစောင့်” နိုင်ငံတော်အစိုးရကို ထောက်ခံသည်ဟု မှားယွင်းစွာဆိုသည်။

လစ်ဘရယ်ဝါဒသည် တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးရေးကို အလွန်အလေးထားခြင်းဖြင့် ဤဝါဒသည် ဥပဒေအောက်မှ လွတ်လပ်ရေး သို့မဟုတ် ခြွင်းချက်ရှိသော၊ အကြွင်းမဲ့မဟုတ်သော လွတ်လပ်ခြင်းကိုသာ ထောက်ခံကြောင်း ထင်ရှားစွာပြနေပါသည်။

အထက်မှဖော်ပြထားသော အစိုးရ၏ အဓိကတာဝန် (၃) ရက်သည်လည်း “ညစောင့်” အနေအထားထက်များစွာပိုကာ အဓိကကျသော ပြည်သူ့ရေးရာလုပ်ငန်းများစွာ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ပါသည်။

စီးပွားရေး အဓိကမူဝါဒများဖြစ်သော ပစ္စည်းဥစ္စာကို ကာကွယ်ကာ သဘောတူညီမှု စာချုပ်များကို အာဏာတည်စေသော အပြုအမူ၊ အနေအထိုင်၊ အထွေထွေ စည်းကမ်းများကို ဖန်တီး၍ အကောင်အထည်ဖော်ခြင်းသည် လွယ်လွယ်ကူကူအလုပ်မဟုတ်ပါ။

ဥပဒေဘောင်စည်းကမ်းဆိုသည်မှာ ခေတ်သစ် လူ့အဖွဲ့အစည်းများကြားတွင် အလွန်တရာ ရှုပ်ထွေးကာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီဘဲ အချိန်အရလည်း အမြဲလိုလို ပြောင်းလဲနေပါသည်။ နိုင်ငံတော်၏ စီရင်ဆုံးဖြတ်ခွင့်အာဏာရှိသောအစိုးရ၊ ဥပဒေပြုလွှတ်တော်နှင့် တရားစီရင်ရေးဆိုင်ရာတို့သည် မိမိတို့၏တာဝန်များကို မမှိတ်မသုန်အာရုံစိုက်ကာ အလွန်တရာ စဉ်းစားချင့်ချိန်နိုင်ခြင်းနှင့် အရေးပါသောလုပ်ကိုင်စွမ်းရည်များ ပိုင်ဆိုင်ရန် လိုအပ်ပါသည်။

ထပ်မံပြောရမည်ဆိုလျှင် classical လစ်ဘရယ်ဝါဒကို ကိုင်ဆောင်ထားသော သူများသည် အစိုးရ၏ အရေးပါသော လုပ်ငန်းတာဝန်များကို ယုံကြည်လက်ခံပါသည်။ သို့သော် ဆိုရှယ်လစ် (သို့မဟုတ်) ဆိုရှယ်ဒီမိုကရက်များနှင့် ကွာခြားသည်မှာ ယင်းတာဝန်များကို ဘောင်ခတ်ရန် လိုအပ်သည်ဟု ယုံကြည်ခြင်းပင် ဖြစ်သည်။

ဤလစ်ဘရယ်ဝါဒများသည် အစိုးရ၏ တရားဝင်သော၊ အကန့်အသတ်ရှိသော အစီအစဉ် (အထက်ပါတာဝန် ၃ရပ်)နှင့် အစိုးရ၏ တရားမဝင်သော၊ အကန့်အသတ်မရှိသော အစီအစဉ်များကြား ထင်ထင်ရှားရှား ခွဲခြားပါသည်။

ဆိုလိုသည့်ဒုတိယအချက်မှာ အစိုးရက မလုပ်သင့်ဟု ယူဆသောအလုပ်များ (အဓိကအားဖြင့် ပုဂ္ဂလိကပစ္စည်းဥစ္စာနှင့် လွတ်လပ်စွာ ထုတ်လုပ်ခြင်းနှင့် သုံးစွဲခြင်းကို ဝင်ရောက်စွက်ဖက်သည်)ကို ရည်ညွှန်းပါသည်။

အခြားနည်းဖြင့်ပြောရလျှင် အစိုးရသည် ဈေးကွက်စီးပွားရေး၏ ဖွဲ့စည်းမှုနှင့် ထိန်းသိမ်းမှုအတွက် အခြေခံလိုအပ်ချက်များကို ပံ့ပိုးထောက်ပံ့ရမည့် တာဝန်ရှိသော်လည်း ဈေးကွက်တွင် သူကိ်ုယ်တိုင်ဝင်ရောက်စွက်ဖက်ခြင်း မလုပ်သင့်ပေ။ အဓိကအားဖြင့် ဈေးနှုန်းသတ်မှတ်ရာတွင် ဆုံးဖြတ်ချက်ချပေးခြင်းနှင့် အရင်းအနှီးများကို ခွဲဝေပေးရာတွင် မစွက်ဖက်သင့်ပါ။

ဤကိစ္စများမှာ ပုဂ္ဂလိကလူများ၏ သီးခြား၊ သီးသန့်နေရာဖြစ်သည်၊ ဖြစ်သင့်သည်။

ထို့ကြောင့် classical လစ်ဘရယ်ဝါဒကို လက်ကိုင်ထားသူများသည် အစိုးရ၏အခန်းကဏ္ဍသည် ဘက်မလိုက်သော “ဒိုင်လူကြီး” ဟုဆိုပါသည်။ ဒိုင်လူကြီးဆိုသည်မှာ အားကစားပွဲတွင် လိုအပ်သော စည်းကမ်းများကို ထိန်းသိမ်းသော်လည်း ကိုယ်တိုင်ပါဝင်ကစားခြင်းမရှိဘဲ အနိုင်အရှုံး ထုတ်ပြန်ချက်ကို ပြောင်းလဲခြင်း၊ ကြိုတင်ချမှတ်ခြင်းများ မလုပ်သင့်ပါ။

လက်ခံပြီးသားလစ်ဘရယ်ဝါဒ၏ အယူအဆတွင် ခေတ်သစ်လူနေမှုအခြေအနေတွင် အစိုးရ၏ လုပ်ငန်းများသည် ဆောင်ရွက်ရန်နှင့် ဆောင်ရွက်ခြင်းမပြုရန် လုပ်ငန်းများ ရောစပ်နေပါသည်။ ဆောင်ရွက်ရန်ဆိုရာတွင် ပြည်သူလူထုအများဆုံး ကောင်းစားရေးလုပ်ငန်းများကို ပြုလုပ်ခြင်း၊ အထွေထွေစည်းကမ်းများကို ပြောင်းလဲခြင်းနှင့် ပိုမိုကောင်းမွန်စေအောင် ပြုလုပ်ခြင်းစသော နိုးကြားတက်ကြွသည့် လုပ်ဆောင်ချက်များဖြစ်ကာ ဆောင်ရွက်ခြင်းမပြုရန် အချို့သောလုပ်ရပ်များကို ရှောင်ကြဉ်ခြင်း (ဥပမာ ပုဂ္ဂလိကပစ္စည်းဥစ္စာနှင့် ဈေးနှုန်းများတွင် စွက်ဖက်ခြင်း)တို့ ဖြစ်သည်။

အနောက်နိုင်ငံများတွင် ဆောင်ရွက်စေလိုသော အစိုးရ၏လုပ်ငန်းတာဝန်များ (အဓိကအားဖြင့် ပစ္စည်းဥစ္စာ၊ စာချုပ်နှင့် စပ်ဆိုင်သော ပြည့်စုံသည့် စည်းကမ်းများကို ထောက်ပံ့ကာ အာဏာတည်စေခြင်း)သည် အခြေကျနေပြီ ဖြစ်သည်။ သို့သော် ဆောင်ရွက်ခြင်းမပြုရမည့် အလုပ်များကို မသိကျိုးကျွံ ပြုလုပ်ပြီး ပြည်သူပိုင် နယ်ပယ်သည် အာဏာရှင်ပမာ ပုဂ္ဂလိကနယ်ပယ်သို့ ဝင်ရောက်စွက်ဖက်မှုများ ဖြစ်ပေါ်နေပါသည်။ ဈေးနှုန်းများ၊ ထုတ်လုပ်မှုများနှင့် လူမှုရေး တရားမျှတမှု ဟူသော သံသယရှိစရာ အမည်နာမတပ်ကာ ပြန်လည်ခွဲဝေပေးခြင်းများကို ကျယ်ပြန့်စွာ ပြုလုပ်နေကြပါသည်။

တိုးတက်နေဆဲနိုင်ငံများတွင်မူ ပြုသင့်၊ မပြုသင့်သောလုပ်ငန်း (၂) မျိုးစလုံးကို တန်ဖိုးထားမှု လိုအပ်သလောက် မရှိပေ။ ယင်းနိုင်ငံများတွင် တစ်ဖက်က လူတစ်ဦးတစ်ယောက်စီ၏ စီးပွားရေးလုပ်ရပ်များတွင် အတင်းစွက်ဖက်ခြင်းများ များပြားကာ လူများ၏ မပြုလုပ်သင့်သော၊ မစွက်ဖက်သင့်သော လွတ်လပ်ခွင့်များကို အလွန်တရာ အလေးမပေးဘဲရှိသည်။ အခြားတစ်ဘက်တွင်လည်း ပြုလုပ်သင့်သော အစီအစဉ်များ (ပုဂ္ဂလိကဥပဒေမှအစ ပြည်သူလူထုအများ အကျိုးရှိသော လုပ်ငန်းများကို ထောက်ပံခြင်းအဆုံး)မှ လိုအပ်သလောက် ဖွံ့ဖြိုးခြင်း မရှိပေ။

အကူးအပြောင်းကာလတွင် ရောက်နေသော နိုင်ငံများတွင်လည်း အလားတူအခြေအနေတွင် ရောက်ရှိနေသည်ဟု ဆိုနိုင်ပါသည်။ ယင်းနိုင်ငံတို့၏တာဝန်မှာ မိမိအစိုးရကို ၎င်းမဆောင်ရွက်သင့်သော လွတ်လပ်ခွင့်များကို မပြုနိုင်ရန် ထိန်းသိမ်းကာ ဆောင်ရွက်သင့်သော လုပ်ငန်းစဉ်ကို တိုးတက်အောင် အထွေထွေ စည်းကမ်းများနှင့် အများပြည်သူအကျိုးဆောင်သော လုပ်ငန်းများကို ထောက်ပံ့ရန်တို့ကို အာရုံစိုက်ရန် ဖြစ်သည်။

(FNF မှ ထုတ်ဝေသော 'လွတ်လပ်စွာ တွေးခေါ်ခွင့်ပြုသော နိုင်ငံရေးဝါဒ (လစ်ဘရယ်ဝါဒ) စာအုပ်မှ ကောက်နုတ်ဖော်ပြခြင်း)