DE

ဆိုင်ဘာလုံခြုံရေး အရေးကြီးပါသည်

FNF Myanmar

အွန်လိုင်း (online)၊ အော့ဖ်လိုင်း (offline) ဆိုသော စကားလုံးများကို သင်ကြားဖူးပါသလား။ အကယ်၍ သင်သည် ဤဆောင်းပါးကို ဖတ်ရှုနေသည်ဆိုပါက သင်ကြားဖူးမည်ဟု ကျွန်တော် သေချာပေါက် ပြောနိုင် ပါသည်။ အဘယ်ကြောင့်ဆိုသော် သင်၏ ဖုန်း သို့မဟုတ် ကွန်ပြူတာကို အသုံးပြု၍ ဖတ်ရမည် ဖြစ်သော ကြောင့်ပင် ဖြစ်ပါသည်။ နည်းပညာများနှင့် ပြည့်နှက်နေသော ခေတ်သစ်ကမ္ဘာတွင် အွန်လိုင်းဆိုသော စကားလုံးမှာ အင်တာနက်၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေခြင်း ဆိုသည့်အချက်သာမကပဲ မည်သည့် ဒီဂျစ်တယ် ကွန်ရက်/ နယ်ပယ်မဆို၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေခြင်းဟု ယေဘုယျ သဘောဆောင်လာပါသည်။ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဖျော်ဖြေရေးစသည့် ကိစ္စမျိုးစုံ အကြောင်းပြု၍ အွန်လိုင်းပေါ် ရောက်နေခြင်းသည် ကျွန်တော်တို့၏ နေ့စဉ်ဘဝ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါသည်။


ယခင်က လူတို့သည် အပြင်ကမ္ဘာ ခြိမ်းခြောက်မှုရန်များမှ မိမိတို့၏ ရုပ်နှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုများရှိရန်သာ ဂရုစိုက်ရန် လိုအပ်ပါသည်။ ယခုအခါ ယင်းကို အော့ဖ်လိုင်း လုံခြုံမှုဟု ခေါ်ဝေါ်သုံးစွဲလာပါသည်။ အခြား ခြိမ်းခြာက်မှုပုံစံဖြစ်သော အွန်လိုင်းခြိမ်းခြောက်မှုများ တနေ့တခြား ပိုမို အရေးပါလာသည်နှင့်အမျှ အွန်လိုင်း လုံခြုံရေးမှာ လူများအတွက် မရှိမဖြစ်လိုအပ်သော ကဏ္ဍတစ်ရပ်ဖြစ်လာပါသည်။
အကယ်၍ လူတစ်ဦးသည် မိုဘိုင်းဖုန်း၊ ကွန်ပြူတာ၊ အင်တာနက်များကို အသုံးမပြုပါက ဆိုင်ဘာဒုစရိုက်မှုများ သည် ထိုသူကို သက်ရောက်နိုင်မှု ရှိမည်မဟုတ်ဟု ငြင်းချက် ထုတ်နိုင်ပါသည်။ ကျွန်တော် ဥပမာ တစ်ခု ပေးပါမည်။ မစ္စတာအေသည် ချမ်းသာသော အဖိုးကြီးတစ်ဦးဖြစ်ပြီး ဝေးလံသော ရွာတစ်ရွာတွင် နေထိုင်သည်။ သူသည် မည်သည့် ဆက်သွယ်ရေး၊ ဒီဂျစ်တယ်ပစ္စည်းမှ မသုံးပေ။ တစ်ရက်တွင် သူသည် အနီးရှိမြို့ပေါ် ဆေးရုံတစ်ခုတွင် ဆေးကုသမှုခံယူခဲ့သည်။ ထိုဆေးရုံသည် လာရောက်ကုသသော လူနာများ၏ အချက်အလက်များကို သိမ်းဆည်းထားရန် ဒေတာဘေ့စ် (database) စနစ်တစ်ခုကို အသုံးပြုသော်လည်း ထိုစနစ်ကို အွန်လိုင်းတိုက်ခိုက်မှုများမှ ကာကွယ်ရန် လုံလောက်သည့် လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ချက်များ ပြုလုပ်မထားပေ။ သီတင်းပတ်အနည်းငယ်ကြာသောအခါ ထိုဆေးရုံ၏ ဒေတာဘေ့စ်မှာ တိုက်ခိုက်ခံရပြီး လူနာများ၏ အချက်အလက်များ အွန်လိုင်းပေါ်၌ ပြန့်နှံ့သွားသည်။ နောက်ထပ် ရက်အနည်းငယ်ကြာပြီးနောက် မစ္စတာအေ၏ အိမ်သို့ မျက်နှာဖုန်းစွပ်ထားသော ဓါးပြများရောက်လာပြီး သူတို့သည် မစ္စတာအေမှာ ချမ်းသာကြောင်းနှင့် တစ်ယောက်တည်းနေကြောင်း သိနေပြီး ဖြစ်သည်။ ဤကိစ္စတွင် မစ္စတာအေမှာ ဆိုင်ဘာမှုခင်း တစ်ခု၏ သားကောင် ဖြစ်ခဲ့ရသည်။


ဆိုင်ဘာလုံခြုံရေးဟုဆိုရာတွင် အဓိက နှစ်ဖက်ရှိသည်။ ဝန်ဆောင်မှုပေးသူများနှင့် သုံးစွဲသူများ ဟူ၍ ဖြစ်သည်။ ဝန်ဆောင်မှုပေးသူများတွင် အွန်လိုင်းနယ်ပယ်ကို ကြပ်မတ်ကွပ်ကဲနေသော အဖွဲ့အစည်းများ၊ နည်းပညာ ကုမ္ပဏီများ၊ အင်တာနက် ကုမ္ပဏီများ၊ ဒီဂျစ်တယ်လုံခြုံရေးပေးသော အဖွဲ့အစည်းများ ပါဝင်သည်။ သုံးစွဲသူများ တွင် အွန်လိုင်း ဝန်ဆောင်မှု အမျိုးမျိုးကို သုံးစွဲသူများ ပါဝင်သည်။ ဆိုင်ဘာမှုခင်းများကို ကာကွယ်ရန် ထိုနှစ်ဖက်လုံးသည် ညီတူမျှတူ အရေးကြီးပါသည်။ ဝန်ဆောင်မှုပေးသူများသည် အွန်လိုင်းနယ်ပယ်၏ လုံခြုံရေး ကို အာမခံနိုင်ရန် ပိုမိုကောင်းမွန်သောနည်းလမ်းများကို စဉ်ဆက်မပြတ် ရှာဖွေနေသော်လည်း ယင်းတို့အား သုံးမည်မသုံးမည်ကို နောက်ဆုံးတွင် ဆုံးဖြတ်ရမည်မှာ သုံးစွဲသူများပင် ဖြစ်သည်။


ဆိုင်ဘာမှုခင်းများတွင် ကွန်ပြူတာများထဲသို့ ထရိုဂျင်များထည့်ခြင်း၊ သူများ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ချိုးဖောက်ခြင်းတို့မှ အကြပ်ကိုင်ခြိမ်းခြောက်ခြင်း၊ ကွန်ရက်များကို အပိုင်စီးခြင်း၊ သူများ၏ ဘဏ်စာရင်းမှ ငွေများ ခိုးခြင်း တို့အထိ အမျိုးမျိုးပါဝင်ပါသည်။ တခါတရံ ယင်းတို့ကို ကာကွယ်ရန် နည်းပညာအလွန်ဆန်၍ အကုန်အကျများနိုင်သော်လည်း အများအားဖြင့် သုံးစွဲသူများ၏ အမူအကျင့်များကို ပြောင်းလဲခြင်းဖြင့် ကာကွယ် နိုင်ပါသည်။


မည်သည့် ဝက်ဘ်ဆိုက်များသည် အသုံးပြုရန် လုံခြုံမှုရှိသည်ကို သိခြင်း၊ ပိုမိုလုံခြုံသည့် စကားဝှက်များ ဖန်တီးခြင်း၊ ကွန်ပြူတာတွင် ဗိုင်းရပ်သတ်သည့်ဆော့ဖ်ဝဲများ ထည့်သွင်းခြင်းများသည် ဆိုင်ဘာတိုက်ခိုက်မှု အများစုကို ကာကွယ်နိုင်သည့် သုံးစွဲသူများ၏အမူအကျင့်ဆိုင်ရာ ဥပမာ အချို့ဖြစ်သည်။ ဆိုင်ဘာလုံခြုံရေးတွင် ဝန်ဆောင်မှုပေးသူများ၏ ကျယ်ပြန့်သော ကြိုးစားအားထုတ်မှုများ ပါဝင်သော်လည်း သုံးစွဲသူများ၏ အပြုအမူကို အနည်းငယ်ပြောင်းလဲခြင်း၊ ဆိုင်ဘာလုံခြုံရေးဆိုင်ရာ အခြေခံအသိအမြင်ရှိခြင်း တို့သည် ဆိုင်ဘာလုံခြုံရေး ရှေ့တန်းမျက်နှာပြင်တွင် ပိုမိုသက်ရောက်မှု ရှိပါသည်။


ဆိုင်ဘာမှုခင်းများ၏ သဘောသဘာဝကြောင့် အွန်လိုင်း သုံးစွဲသူ မည်သူမဆို ယင်းတို့၏ သက်ရောက်ခံရမှု ရှိနိုင်ပြီး ထိခိုက်ခံရသောအချိန်တွင်လည်း လူအများမှ သိရှိခြင်း မရှိကြပေ။ ထို့ကြောင့် ဆိုင်ဘာလုံခြုံရေးသည် လူတိုင်းအတွက် အရေးကြီးပြီး၊ ကျွန်တော်တို့၏ နေ့စဉ်ဘဝတွင် ဆိုင်ဘာမှုခင်းများ မြင့်တက်လာမှုကို ကာကွယ်နိုင်ရန် ယင်းတို့အကြောင်း အသိအမြင်ရှိခြင်းသည် သုံးစွဲသူတိုင်းအတွက် အသက်တမျှ အရေးကြီးပါသည်။