DE

ဒီမိုကရေစီ ရေရှည်တည်တံ့စေရန် ပြည်သူလူထုပါဝင်မှု အရေးကြီး

TOT

ဒီမိုကရေစီစနစ် ရေရှည်တည်တံ့စေရန် ပြည်သူလူထု၏ ပါဝင်မှုသည် အရေးကြီးသည်ဟု “Public Participation for Democracy” ဆရာဖြစ် သင်တန်း တက်ရောက်ခဲ့သူများက ပြောသည်။


“နိုင်ငံသားတစ်ယောက်ရဲ့ ပါဝင်မှုက အရမ်းအရေးကြီးပါတယ်။ ဘာလို့လဲဆိုရင် ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ဆိုရင် နိုင်ငံသားတစ်ယောက်ချင်းစီ ဆင့်ကဲ ပြောင်းလဲသွားမှ လူတစ်ဦးတစ်ယောက်စီ ပြောင်းလဲမယ်၊ လူတစ်ဦးတစ်ယောက်စီ ပြောင်းလဲမှ အဖွဲ့အစည်းတွေ ပြောင်းလဲမယ်၊ အားလုံးပြောင်းလဲမှ ဒီမိုကရေစီနိုင်ငံအဖြစ် အကောင်အထည်ဖော်နိုင်မှာမို့လို့ လူတစ်ဦးတစ်ယောက်ရဲ့ ပူးပေါင်းပါဝင်မှုက အရေးကြီးပါတယ်။”  ဟု သင်တန်းတက်ရောက်သူ မောင်ဇေရဲလှ က ပြောသည်။


FNF နှင့်အတူ ဒေသတွင်း မိတ်ဖက်အရပ်ဖက်အဖွဲ့အစည်း ၄ခုဖြစ်သည့် Myanmar Egress၊ Scholar Institute၊ Hornbill Organization၊ Naushawng Development Institute တို့မှ ‘ဒီမိုကရေစီဖြစ်စဉ်တွင် ပြည်သူလူထု ပူးပေါင်းပါဝင်ခြင်း’ သင်တန်းတက်ရောက်ဖူးသည့် ဝေးလံသည့် တိုင်းနှင့်ပြည်နယ်ရှိ ဒေသများမှ သင်တန်းသားများအား TOT ပြုလုပ်ပေးနေခြင်းဖြစ်သည်။


မကွေးတိုင်းဒေသကြီး စည်ပင်သာကျေးရွာမှ မသင်းယုနန္ဒာကျော်ကလည်း “အုပ်ချုပ်တဲ့နေရာတွေမှာ ပြည်သူတွေပါဝင်မှသာ ဒီမိုကရေစီစနစ်ကြီးက ရေရှည်တည်တံ့မယ်လို့ ယူဆပါတယ်။” ဟု သူမ၏ အမြင်အား ပြောပြသည်။


၂၀၁၆ခုနှစ်တွင် စတင်ပို့ချပေးခဲ့သော ‘ဒီမိုကရေစီဖြစ်စဉ်တွင် ပြည်သူလူထု ပူးပေါင်းပါဝင်ခြင်း’ သင်တန်းပေါင်း ၃၀ကျော်ကို ရခိုင်၊ မကွေး၊ ချင်း၊ စစ်ကိုင်း၊ ကရင်၊ မွန်၊ ဧရာဝတီနှင့် ကချင်ပြည်နယ်တို့ရှိ ဝေးလံခေါင်ပါးသည့် ဒေသများတွင် ပြုလုပ်ပေးခဲ့ပြီးဖြစ်သည်။
ယခုအခါတွင် ဆရာဖြစ် TOT များကို ပြုလုပ်ပေးနေခြင်းဖြစ်သည်။


ဒီမိုကရေစီစနစ်သည် ပြည်သူက အုပ်ချုပ်သည့်စနစ်ဖြစ်သည့်အတွက်ကြောင့် အရေးကြီးသည်ဟုလည်း TOT တက်ရောက်သည့် နောက်ထပ် သင်တန်းသူတစ်ဦးမှ ပြောသည်။


“ဒီမိုကရေစီစနစ်ဆိုတာ ပြည်သူလူထုက အုပ်ချုပ်တဲ့ စနစ်ဖြစ်တဲ့အတွက်ကြောင့် ပြည်သူလူထုပါဝင်မှုဟာ အရေးကြီးပါတယ်၊ ပြည်သူတွေသာ ပူးပေါင်းပါဝင်မှုမရှိရင် ပြည်သူလူထုက အုပ်ချုပ်တဲ့ စနစ်မဟုတ်တော့ဘူးပေါ့နော်၊ အဲဒါကြောင့် ဒီမိုကရေစီစနစ်မှာ ပြည်သူလူထု ပူးပေါင်းပါဝင်ခြင်းဟာ အရမ်းအရေးကြီးပါတယ်။” ဟု သင်တန်းသူ မမေသက်ကျော်မှ ပြောသည်။


အဆိုပါ ဆရာအဖြစ်သင်တန်းများတွင် တက်ရောက်သည့် သင်တန်းသားများအနေဖြင့် မိမိတို့ကိုယ်တိုင် သင်တန်းတစ်ခုအား ဦးဆောင်နိုင်သည့်အနေအထားအထိ အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ပြီး သင်ကြား ပို့ချပေးသည်။


ဝေလံခေါင်ပါးသည့်ဒေသများမှ သင်တန်းသား/သူများအတွက် ပို့ချပေးရခြင်းဖြစ်သည့်အတွက် လမ်းခရီးသွားလာရေးများအခက်အခဲရှိသည့်အပြင် တက်ရောက်လာသည့် သင်တန်းသားများထဲတွင် နိုင်ငံရေးအကြောင်းအရာများကို လုံးဝမသိရှိသူများလည်း ပါဝင်ကြောင်း Scholar Institute မှ သင်တန်းဆရာတစ်ဦးဖြစ်သူ ကိုပြည့်စုံမှ ပြောသည်။


“သင်တန်းတစ်ခုနဲ့ တစ်ခုတော့မတူဘူးပေါ့၊ တချို့နေရာတွေမှာ နိုင်ငံရေးအကြောင်းနားလည်တဲ့ သူတွေလည်းပါသလို နားမလည်တဲ့သူတွေလည်းပါတယ်၊ တချို့နေရာတွေမှာကျတော့လည်း လုံးဝမသိနားမလည်တဲ့ သင်တန်းသားတွေ များတာတွေရှိပါတယ်။ နေရာဒေသအလိုက်ကွဲတာ တွေတော့ရှိပါတယ်။ ဥပမာ အရပ်ဖက်အဖွဲ့အစည်းတွေဆီက လာတဲ့ သင်တန်းသားတွေဆိုရင် အနည်းအကျဉ်းနားလည်ပြီးသားပါပါတယ်။ တချို့ဆိုရင် သင်ကြားတဲ့ မေးခွန်းတွေကို နားမလည်ကြတဲ့အတွက်ကြောင့် သင်ကြားမှု ပုံစံတွေ ပြောင်းလိုက်ရတာတွေတောင် ရှိပါတယ်။”


FNF နှင့် အဆိုပါ အရပ်ဖက်အဖွဲ့အစည်း ၄ခုပူးပေါင်းပြီး ၂၀၁၅ မြန်မာ့အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၆ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ မဲဆန္ဒရှင် အသိပညာပေး သင်တန်းပေါင်း ၁၇၁ ခုကိုလည်း တိုင်းနှင့်ပြည်နယ် ၉ရှိ ဝေလံသည့်ဒေသများတွင် ပြုလုပ်ပေးခဲ့သည်။