DE

ပွင့်လင်းသော လွှတ်တော်အလုပ်ရုံဆွေးနွေးပွဲ

Open Hluttaw

ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံတွင် လွှတ်တော်၏အခန်းကဏ္ဍသည် အဓိက အရေးပါသည့် အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဥပဒေများပြုပြင်ရေး၊ ပြဌာန်းရေး လုပ်ငန်းစဉ်များကို လွှတ်တော်မှသာ လုပ်ဆောင်နိုင်သည့်အတွက်ကြောင့်ပင် ဖြစ်သည်။ ၎င်းအပြင် မြန်မာနိုင်ငံ၏ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ နိုင်ငံတော်၏ ထိပ်ပိုင်းနေရာများဖြစ်သည့် သမ္မတနှင့် ဒု-သမ္မတနှစ်ဦးကိုလည်း လွှတ်တော်ကိုယ်စားလှယ်များမှပင် လွှတ်တော်၌ မဲပေးရွေးချယ်ကြရသည်။

ဖရတ်ဒ်ချ်နောမန်ဖောင်ဒေးရှင်းလို့ခေါ်တဲ့ FNF အဖွဲ့အစည်းအနေဖြင့်လည်း မြန်မာနိုင်ငံတွင် လွှတ်တော်များနှင့် လက်တွဲပြီး လုပ်ဆောင်လာခဲ့သည်မှာ ၂၀၁၃ ခုနှစ်ကနေ လက်ရှိအချိန်ထိဖြစ်သည်။ လွှတ်တော်များနှင့် လက်တွဲပြီး အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများကို လုပ်ဆောင်ပေးနေခြင်းမှာ FNF (မြန်မာ)၏ လုပ်ငန်းစဉ်များထဲမှ ကဏ္ဍတစ်ခုဖြစ်ပြီး FNF (မြန်မာ)၏ စီမံကိန်း (Programme) တစ်ခုဖြစ်သော တရားဥပဒေစိုးမိုးရေး စီမံကိန်း (Rule of Law Programme) အောက်မှာ အဓိက လုပ်ဆောင်သည်။ ဥပမာအားဖြင့်ပြောရလျှင် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များအတွက် “ဥပဒေ ပြင်ဆင်ခြင်းနှင့် ရေးဆွဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ”၊ SIM Democracy ဟုခေါ်သည့် ဒီမိုကရေစီ ကစားနည်းကို လွှတ်တော်ကိုယ်စားများနှင့်အတူ ကစားပွဲများ ဖန်တီပေးခြင်းများကို လုပ်ဆောင်ပေးလျှက်ရှိပါသည်။

ယခုအခါတွင် ပြည်နယ်နှင့်တိုင်း လွှတ်တော်များတွင် အလုပ်ရုံဆွေးနွေပွဲနောက်ထပ် ပုံစံတစ်မျိုးကို စတင် လုပ်ဆောင်ပေးလျှက်ရှိပါသည်။ “လွတ်လပ်သော လွှတ်တော် အလုပ်ရုံဆွေးနွေးပွဲ” များပင်ဖြစ်ပါသည်။ ၎င်း အလုပ်ရုံဆွေးနွေးပွဲများကို ပွင့်လင်းမြင်သာပြီး တာဝန်ယူ တာဝန်ခံမှုရှိသော လွှတ်တော်ဖြစ်လာစေရေးနှင့် လွှတ်တော်ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်ပြည်သူလူထုအကြားတွင် ပွင့်လင်းပြီး ရင်းနှီးကျွမ်းဝင်မှုရှိသော ဆက်ဆံရေးတို့ ပေါ်ပေါက်လာစေရေးအတွက် လုပ်ဆောင်ပေးခြင်းဖြစ်သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံတကာမှ အသိပညာရှင် အတတ်ပညာရှင်များကို FNF (မြန်မာ) မှ ဖိတ်ခေါ်ပေးပြီး လွှတ်တော်များအတွက် Road Map ဟုခေါ်သည့် လွှတ်တော်၏ ရေတို၊ ရေရှည်လုပ်ငန်းများကို ရေးဆွဲချမှတ်သည့် လုပ်ငန်းဆောင်တာ လမ်းပြမြေပုံတစ်ခုကိုလည်း လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ အပြန်အလှန်ဆွေးနွေးပြီး ရေးဆွဲပေးသည်။

ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ပေးခြင်းဖြင့် လွှတ်တော်ကိုယ်စားလှယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်အချင်းချင်းကြားတွင် မိမိတို့လွှတ်တော်အနေဖြင့် ရေတိုတွင် မည်သည့် လုပ်ငန်းများကို လုပ်ဆောင်နိုင်ပြီး ရေရှည်တွင် မည်ကဲ့သို့ လုပ်ငန်းများကို လုပ်ဆောင်နိုင်သည်ကို ဆွေးနွေးတိုင်ပင်ပြီး ရေးဆွဲချမှတ်နိုင်မည် ဖြစ်သည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်နှင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အတွက် အဆိုပါ ပွင့်လင်းသော လွှတ်တော် အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ပေးခဲ့သည်။

ဇန်နဝါရီလ ၂၆ရက်နေ့မှ ၂၇ရက်နေ့အထိ ၂ရက်တာပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲကို ဧရာဝတီတိုင်းလွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ် ၃၉ဦး (တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင်) နှင့် လွှတ်တော်ရုံးအဖွဲ့မှ ၄ဦး စုစုပေါင်း ၄၃ဦး တက်ရောက်ခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များမှ မိမိတို့ ဧရာဝတီတိုင်းလွှတ်တော်အနေဖြင့် နောက်ထပ် လုပ်ဆောင်ရန် လိုအပ်သည့် လုပ်ငန်းစဉ်များနှင့် ရေတိုလုပ်ဆောင်နိုင်မည့် လုပ်ငန်းစဉ်များကို အဓိကထား ပွင့်လင်းရင်းနှီးစွာဆွေးနွေး ရေးဆွဲနိုင်ခဲ့ကြသည်။

၎င်းနည်းတူ ရန်ကုန်တိုင်းလွှတ်တော်အတွက်လည်း ဇန်နဝါရီလ ၃၀ရက်နေ့မှ ၃၁ရက်နေ့အထိ ပွင့်လင်းလွှတ်တော် အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် ပြုလုပ်နိုင်ခဲ့ပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲများတွင် ဂျာမနီနိုင်ငံမှ နိုင်ငံရေးသမားဟောင်းတစ်ဦးဖြစ်သကဲ့၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြင့်သည့် နိုင်ငံတကာ အသိပညာရှင် မစ္စတာ ရစ်ချ်တာမှ တက်ရောက် ဆွေးနွေးခဲ့ပြီး လွှတ်တော်ကိုယ်စားတစ်ဦး၏ အတွေးအကြုံများ၊ လုပ်ဆောင်နိုင်သည့် အခန်းကဏ္ဍများ၊ ကြုံတွေ့နိုင်သည့် အခက်အခဲများကို ဆွေးနွေးခဲ့သည်။ ထို့အပြင် ဂျာမနီနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်များ၊ လွှတ်တော်အခန်းကဏ္ဍနှင့် မြန်မာနိုင်ငံ၏ လွှတ်တော်အခန်းကဏ္ဍများကို ပွင့်လင်းရင်းနှီးစွာ ဆွေးနွေခဲ့သည်။

တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များမှလည်း မိမိတို့ သိရှိလိုသည့်အကြောင်းအရာများ၊ တခြားနိုင်ငံများမှ လွှတ်တော်အကြောင်းအရာများကို ပွင့်လင်းမြင်သာစာ မေးမြန်းဆွေးနွေးနိုင်သည့်အတွက် ယခု အလုပ်ရုံဆွေးနွေးပွဲများသည် လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များအတွက် များစွာ အကျိုးရှိမည်ဟု ယုံကြည်မိပါသည်။

ယခုကဲ့သို့ လွှတ်တော်ကိုယ်စားများမှာ အပြန်အလှန် ဆွေးနွေး ရေးဆွဲခဲ့ကြသည့် လွှတ်တော်၏ ရေတို ရေရှည် စီမံချက်များကို စာရင်းအချောတစ်ခုပြုလုပ်ပြီး သက်ဆိုင်ရာ လွှတ်တော်ဥက္ကဌများထံသို့ FNF (မြန်မာ) မှ ပေးပို့သွားမှာဖြစ်ပါသည်။