DE

ပွင့်လင်းသည့် ဧရာဝတီတိုင်း ဒေသကြီးလွှတ်တော် လမ်းပြမြေပုံ

AYA Roadmap

ယခု လမ်းပြမြေပုံသည် ၂၀၁၇ခုနှစ် ဇန်နဝါရီလတွင် ပုသိမ်မြို့၌ နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့သည့် ဧရာဝတီတိုင်း ဒေသကြီးလွှတ်တော်၏ ဥပဒေပြုရေးလုပ်ငန်းများနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှု ပိုမိုအားကောင်းလာစေရန် “ပွင့်လင်းသည့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် လမ်းပြမြေပုံ” အလုပ်ရုံ ဆွေးနွေးပွဲမှ ထွက်ပေါ်လာသော မဟာဗျူဟာ အစီအစဉ်အား အကျဉ်းချုပ် ဖော်ပြ ခြင်းဖြစ်ပါသည်။ ဤမှတ်တမ်းတွင် လွှတ်တော်ကိုယ်စားလှယ်များက အကြံပြုသည့် လုပ်ငန်းရပ်နယ်ပယ် ၁၈ခုနှင့်တကွ လုပ်ငန်းရပ်အသီးသီးအတွက် သဘောထား မှတ်ချက်များ ပါဝင်ပါသည်။


၂၀၁၀ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို စတင်ခဲ့သည့် အချိန်မှစ၍ လွှတ်တော်၏ အခန်းကဏ္ဍသည် နိုင်ငံဖွံ့ဖြိုးရေးအတွက် ဆထက်တိုး၍ အရေးကြီးလာသည်။ လွှတ်တော်များသည် အုပ်ချုပ်ရေး အဖွဲ့အစည်းအား စောင့်ကြည့်စစ်ဆေးရန် တာဝန်ရှိသည့် နိုင်ငံ၏ အမြင့်ဆုံးသော ဥပဒေပြု အခွင့်အာဏာရှိသည်နှင့်အမျှ လွှတ်တော်သည် လူထုနှင့် မီဒီယာ၏ စိတ်ဝင်စားမှုကို ပိုမို ရရှိလာခဲ့ပြီဖြစ်သည်။


သို့သော်ငြားလည်း လွှတ်တော်နှင့် ပြည်သူလူထုတို့အကြား ဆက်ဆံရေးမှာ နုနယ်သော ကနဦးအခြေအနေတွင် ရှိနေသေးပြီး မြန်မာပြည်သူများအနေဖြင့် လွှတ်တော်၏ လုပ်ငန်းဆောင်တာများကို ဝေဝေဝါးဝါးသာ နားလည်နေသေးသည်။ မြို့နယ်အဆင့်၌ပင်လျှင် လွှတ်တော်ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်များ အကြား ဆက်ဆံရေးမှာ မရှင်းမလင်း ဖြစ်နေတတ်ပါသည်။


The Friedrich Naumann Foundation for Freedom (FNF) အဖွဲ့အစည်းသည် ၂၀၁၃ ခုနှစ်မှ စ၍ လွှတ်တော်များ၏ ဥပဒေပြုစွမ်းရည်များ မြင့်တက်လာစေရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များကို ကူညီပံ့ပိုးပေးခဲ့သည်။ လွှတ်တော်ဆိုသည်မှာ ပြည်သူလူထုက တိုက်ရိုက် ရွေးချယ်တင်မြှောက်ထားသည့် ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသည့် အားလျော်စွာ လွှတ်တော်သည် လူထုဆန္ဒကို ထင်ဟပ်နိုင်သဖြင့် လွှတ်တော်များကို အားကောင်းအောင် လုပ်ဆောင်ခြင်းသည် ဒီမိုကရေစီစနစ်အတွက် အရေးကြီးသည်ဟု FNF အနေဖြင့် ယုံကြည်ထားသည်။ သို့ရာတွင် ပွင့်လင်းမြင်သာမှုမရှိပါက ပြည်သူလူထုအနေဖြင့် လွှတ်တော်တစ်ခု ဘာလုပ်နေသည်ဆိုသည့်အချက်နှင့် လွှတ်တော်ကိုယ်စားလှယ်များအား မည်ကဲ့သို့ ထိတွေ့ဆက်ဆံရမည်ဆိုသည်ကို သိမည်မဟုတ်ပေ။ လွှတ်တော်များ၏ ပွင့်လင်းမြင်သာမှုသည် ဒီမိုကရေစီအားကောင်းစေရန်အတွက် အလွန်အရေးကြီးပါသည်။