DE

‘SME တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကို လျှပ်စစ်လိုပါတယ်’

FNF Myanmar


SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လျှပ်စစ်မီးလိုအပ်ကြောင်း FNF Myanmar မှ ဦးဆောင်ပြီး စက်မှုဝန်ကြီးဌာနနှင့် ပူးပေါင်းပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီး SME ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၌ ဧရာဝတီတိုင်းဒေသကြီး ပို့ဆောင်ရေးဝန်ကြီးဌာန၊ လျှပ်စစ်လျှပ်စစ်ဝန်ကြီးဌာန၊ စက်မှုလက်မှုဝန်ကြီးဌာန၊ ဆက်သွယ်ရေးဝန်ကြီးဌာ၊ စွမ်းအင်နှင့် လမ်းပန်းဝန်ကြီးဌာနများ၏ ဝန်ကြီး ဦးဝင်းဌေးမှ ပြောကြားသည်။


 “ဒီလျှပ်စစ်မရှိဘဲနဲ့ စက်မှုလုပ်ငန်းတွေ တိုးတက်လာဖို့ မလွယ်ပါဘူး” ဟု တိုင်းဝန်ကြီး ဦးဝင်းဌေးမှ ပြောသည်။


၎င်းအပြင်သူက “ကျနော်တို့အစိုးရသစ်တက်လာကတည်းက ကျနော်တို့တိုင်းကို စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုလုပ်မလဲလို့ နည်းမျိုးစုံနဲ့ ကျနော်တို့ ကြိုးစားနေတဲ့အထဲမှာ SME ဟာ ကဏ္ဍတစ်ခုအနေနဲ့ပါပါတယ်။ ဒီမှာ SME ကို သူများနိုင်ငံမျိုးလို ကျနော်တို့ ဖြစ်ချင်ပါတယ်။ ဂျပန်လိုနိုင်ငံမျိုးဆိုလို့ရှိရင် ၉၇% လောက်က SME တွေဖြစ်ပြီးတော့ ကျန်တဲ့ဟာက အကြီးစား လုပ်ငန်းတွေဖြစ်ပါတယ်။” ဟု ပြောသည်။
 

FNF Myanmar

FNF Myanmar မှ ဦးဆောင်ပြီး SMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် ဒေသအလိုက် လမ်းပြမြေပုံများ ထွက်ပေါ်လာရေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများကို ဦးဆောင် ပြုလုပ်ပေးလျှက်ရှိရာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်းတွင် မကွေးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် ပြုလုပ်ခဲ့သည်။


မကွေးတိုင်းဒေသကြီး SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လမ်းပြမြေပုံ အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာလ ၁၅ရက်နေ့ ၁၆ရက်နေ့အထိ ၂ရက်တာ မကွေးမြို့၌ ကျင်းပခဲ့ကာ လူ၂၀ဝခန့် တက်ရောက် ဆွေးနွေးခဲ့ကြသည်။


‘အခုလို ကျနော်တို့ တိုင်းဒေသကြီးရဲ့ လိုအပ်ချက်တွေကို ရှာဖွေပြီးတော့ တွေ့ရှိချက်တွေကို စုပေါင်း အဖြေရှာ လုပ်ဆောင်နိုင်ဖို့အတွက် ဒီလိုမျိုး အလုပ်ရုံ ဆွေးနွေးပွဲမျိုး စီစဉ်လုပ်ဆောင်ပေးတဲ့ FNF အဖွဲ့ကို အသိအမှတ်ပြု ကျေးဇူးတင်သလို မှတ်တမ်းတင်အပ်ပါတယ်’ ဟု မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုမှ ကြိုဆိုမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းနှင့် မကွေးတိုင်းဒေသကြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးဇော်မင်း တို့လည်း တက်ရောက်ခဲ့ကြီပြီး ကြိုဆိုမိန့်ခွန်းများ ပြောကြားခဲ့ကြသည်။

‘FNF အဖွဲ့အစည်းဟာဆိုရင် ကျမတို့ ဝန်ကြီးဌာနရဲ့ ပထမဆုံးသော နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်း ဖြစ်ပါတယ်။ အခုလိုမျိုး SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျမတို့နဲ့အတူ လက်တွဲပြီး ကူညီလုပ်ဆောင်ပေးနေတဲ့ FNF ကို ကျေးဇူးအများကြီး တင်ကြောင်း ပြောလိုပါတယ်။’ ဟု ဒေါ်အေးအေးဝင်းမှ ကြိုဆိုမိန့်ခွန်းတွင် ပြောကြားခဲ့သည်။


ဧရာဝတီတိုင်းဒေသကြီးအတွက် အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၉ရက်နေ့နှင့် ၃၀ရက်နေ့များတွင် ပုသိမ်မြို့တွင် ပြုလုပ်ခဲ့သည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်သူပေါင်း ၁၈၀ ခန့် တက်ရောက် ဆွေးနွေးခဲ့ကြသည်။


“အခုလိုအလုပ်ရုံဆွေးနွေးပွဲမျိုးကို တက်ရောက်တဲ့အတွက် အများကြီးအကျိုးရှိပါတယ်။ ဧရာဝတီတိုင်း နယ်ပေါင်းစုံက လူတွေနဲ့တွေ့ရတယ် လုပ်ငန်းအကြောင်းတွေကို ကျယ်ကျယ်ပြန့်ပြန့်သိခွင့်ရပါတယ်။” ဟု အလုပ်ရုံ ဆွေးနွေးပွဲ တက်ရောက်သူတစ်ဦးဖြစ်သူ အရောင်းအဝယ် လုပ်ငန်းရှင် မသက်ချိုဝင်း က ပြောသည်။   


၎င်းအပြင် သူမက “ကျမက အရောင်းအဝယ်သမားဆိုတော့ အဓိကကတော့ အခြေခံလူတန်းစားတွေရဲ့ နေ့စဉ်ဝင်ငွေကို တိုးတက်စေချင်တယ်၊ အဲလို ပုံမှန်ဝင်ငွေအဆင်ပြေမှ ကျမတို့လို အရောင်းအဝယ်သမားတွေက အဆင်ပြေမှာပါ။ ကျမတို့လိုနယ်တွေမှာဆိုရင် ဝင်ငွေတွေကနည်းနေကြတယ်။ ပုံမှန်အလုပ်အကိုင်တွေ မရှိကြဘူး။ အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းပါးနေတယ်။ ” ဟု ဆက်ပြောသည်။


အစိုးရဌာနများမှ တာဝန်ရှိသူများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ အသေးစား အလတ်စား လုပ်ငန်းရှင်များ၊ ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် နိုင်ငံရေးပါတီများမှ ပါတီဝင်များ တက်ရောက်ခဲ့ကြပြီး မကွေးတိုင်းဒေသကြီး SME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခက်အခဲများ၊ ပြဿနာများကို အတူတကွ ရှာဖွေခဲ့ကြပြီး ထိုအခက်အခဲများ၊ ပြဿနာများအား ဖြေရှင်းနိုင်မည့် နည်းလမ်းများ၊ ရေတို ရေရှည် စီမံကိန်းများကိုလည်း ရေးဆွဲချမှတ်နိုင်ခဲ့ကြသည်။


FNF မြန်မာ၏ စီးပွားရေးလွတ်လပ်မှု ကဏ္ဍသည် FNF ၏ မြန်မာနိုင်ငံတွင် လုပ်ဆောင်နေသော ကဏ္ဍများထဲမှ တစ်ခုဖြစ်ပြီး အဓိကအားဖြင့် အသေးစား အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို ရည်ရွယ် လုပ်ဆောင်နေခြင်းဖြစ်သည်။

အခုအခါဆိုလျှင် မကွေးတိုင်းဒေသကြီးဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတွင်လည်း အသေးစား အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လမ်းပြမြေပုံရှိလာပြီး ဖြစ်ပြီး ပထမဆုံးသော SME ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ချင်းပြည်နယ် ဟားခါးမြို့တွင်  ၂၀၁၆ခုနှစ်က ပြုလုပ်ခဲ့သည်။


ယခု အလုပ်ရုံဆွေးနွေးပွဲများကို Mekong Economic Group မှ အကြီးအကဲ ဒေါက်တာ Adam McCarty မှ ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှလည်း ပွင့်လင်းစွာဆွေးနွေးကြကာ နှစ်တို နှစ်ရှည်ကာလအတွက် လမ်းပြမြေပုံတစ်ခုကို ရေးဆွဲ ချမှတ်နိုင်ခဲ့ကြသည်။
“ဒီ road map (လမ်းပြမြေပုံ) ဟာ ၅နှစ်တာ အစိုးရသက်တမ်းအတွက်ပဲ မဟုတ်ပဲနဲ့ ကျနော်တို့ နောင်အစိုးရအဆက်ဆက် လက်ဆင့်ကမ်းသွားရမှာပါ” ဟု ဝန်ကြီး ဦးဝင်းဌေးမှ အပိတ် အမှာစကားတွင် ပြောကြားခဲ့သည်။