DE

တရားဥပဒေစိုးမိုးရေး၏ ကွဲပြားသော သွင်ပြင်များကို သိမြင်နားလည်ခြင်း

FNF Myanmar


မြန်မာနိုင်ငံအနေဖြင့် ရှည်လျှားသော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုလမ်းကြောင်းကို ၂၀၁၀ ခုနှစ်တွင် စတင်လျှောက်လှမ်းခဲ့ချိန်မှ စ၍ “တရားဥပဒေစိုးမိုးရေး” ဟူသော စကားလုံးသည် လူသုံးအများဆုံး စကားလုံး တစ်ခု ဖြစ်လာခဲ့လေသည်။


ယင်းစကားလုံးကို မြန်မာနိုင်ငံ၏ နေရာတိုင်းတွင် ကြားရနိုင်ပြီး အစိုးရ၊ လွှတ်တော်၊ စီးပွားရေးလုပ်ငန်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပညာရှင်များ သာမက သာမန် ရွာသူရွာသားများ အထိပင် အတန်းအစားမျိုးစုံမှ အသုံးပြုနေကြသည်။ ယင်း၏ အရေးပါမှု၊ ဒီမိုကရေစီ၏ အခြား အစိတ်အပိုင်းများနှင့် ချိတ်ဆက်နေမှုတို့ကို လူအများ ပို၍ပို၍ သတိပြုမိလာကြသည်။ လစ်ဘရယ်ဒီမိုကရေစီ၏ အခြေခံစံနှုန်းများကို တန်ဖိုးထားသည့် Friedrich Naumann Foundation (FNF) ကဲ့သို့သော အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများအနေနှင့် တရားဥပဒေစိုးမိုးရေးကို ဒီမိုကရေစီနှင့် လစ်ဘရယ်ဝါဒ၏ အရေးအပါဆုံး အခြေခံစံနှုန်း အဖြစ် အမြဲသတ်မှတ်ထားသည်။ ထို့အပြင် ယင်းကို ပွင့်လင်းတိုးတက်ပြီး အားလုံးပါဝင်သော လူ့အဖွဲ့အစည်း၏ အခြေခံအကျဆုံး ဒေါက်တိုင်တစ်ခုအဖြစ် ယူဆထားကြသည်။


သို့ရာတွင် မတူညီသောသူများမှ တရားဥပဒေစိုးမိုးမှု အပေါ် မတူညီသော အမြင်များရှိပြီး လူအများသည် ယင်းကို သူတို့ သင့်တော်သလို အဓိပ္ပါယ်ဖွင့်ရန် ကြိုးစားကြသည်။ ထို့ကြောင့်ပင် အချို့သူများက တရားဥပဒေစိုးမိုးရေးကို ဥပဒေဖြင့်အုပ်ချုပ်မှုဟု နားလည်မှုလွဲစွာ (သို့) မှားယွင်းစွာ သဘောပေါက် နေကြသည်။ ရုတ်တရက် ကြည့်လိုက်ပါက သူတို့သည် ဆင်တူသည်ဟု ထင်ရသော်လည်း  သဘောသဘာဝအားဖြင့် လုံးဝကွဲပြားပါသည်။ ဥပဒေဖြင့်အုပ်ချုပ်မှုဆိုသည်မှာ အာဏာပိုင်များက လူများကို ဥပဒေအသုံးပြု၍ အုပ်ချုပ်ခြင်းဟု ရိုးရှင်းစွာ အဓိပ္ပါယ်ပေါက်ပါသည်။

တရားဥပဒေစိုးမိုးရေးအတွက် အလွန်အရေးပါသော မျှမျှတတရှိမှု၊ တန်းတူညီမှု၊ တရားမျှတမှု ဆိုသည့်အချက်များကို ထည့်သွင်းစဉ်းစားခြင်း မရှိပေ။ အာဏာပိုင်များက လူများကို ဥပဒေအတိုင်း အုပ်ချုပ်နေသရွေ့ ဥပဒေဖြင့်အုပ်ချုပ်မှု ဖြစ်သည်။
တရားဥပဒေစိုးမိုးရေးဆိုသည့် စကားလုံးအတွက် အများလက်ခံထားသည့် တစ်ခုတည်းသော အဓိပ္ပါယ် ဖွင့်ဆိုချက် မရှိဘဲ ကျွမ်းကျင်သူများနှင့် ပညာရှင်များအကြားတွင်ပင် ယင်း၏ အခြေခံစံနှုန်းများအပေါ် မတူညီသည့် ရှုထောင့်များရှိကြသည်။ သို့ရာတွင် ထိုအချက်မှာ အဓိပ္ပါယ်ဖွင့်ဆိုချက်အပေါ် လုံးဝကွဲပြားသည့် အမြင်ရှိသည်ဟု ဆိုလိုခြင်းမဟုတ်ဘဲ မတူညီသည့် စကားလုံးများ အသုံးပြု၍ တူညီသည့် အနှစ်သာရကို ပြောဆိုခြင်း မျှသာဖြစ်သည်။ ထို့အတွက်ကြောင့် သင်အနေနှင့် တရားဥပဒေစိုးမိုးရေး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ရှာကြည့်ပါက အခြေခံစံနှုန်းအရေအတွက်မတူညီသော ကွဲပြားသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်များကို တွေ့ရကောင်း တွေ့ရနိုင်ပါသည်။


ဤဆောင်းပါးကို ရေးသားနေစဉ် ကျွန်တော်သည် နားလည်ရန် လွယ်ကူသော တရားဥပဒေစိုးမိုးမှု၏ ရိုးရှင်းသည့် အခြေခံစံနှုန်း တစ်စုံကို တွေ့ရှိခဲ့ပါသည်။ ယင်းမှာ ကမ္ဘာတဝှမ်းတွင် တရားဥပဒေစိုးမိုးရေးကို တိုးတက် ကောင်းမွန်စေရန် ဆောင်ရွက်နေသည့် လွတ်လပ်ပြီး လုပ်ငန်းမတူညီသည့်အစိတ်အပိုင်းများဖြင့် ဖွဲ့စည်းထားသော World Justice Project (WJP) မှ သုံးစွဲနေသော စံနှုန်းများ ဖြစ်ပါသည်။ ယင်းတွင် တာဝန်ယူတာဝန်ခံမှု၊ မျှတသော ဥပဒေများ၊ ပွင့်လင်းသည့်အစိုးရ၊ လက်လှမ်းမီ ဘက်မလိုက်သည့် အငြင်းပွားမှု ဖြေရှင်းခြင်း ဟူသည့် စံနှုန်း ၄ ခု ပါဝင်သည်။


တာဝန်ယူတာဝန်ခံမှုဆိုသည်မှာ အစိုးရရော၊ ပုဂ္ဂလိကကဏ္ဍမှပါ ဥပဒေအောက်တွင် တာဝန်ယူတာဝန်ခံမှု ရှိခြင်းကို ဆိုလိုသည်။ မျှတသောဥပဒေများဆိုသည့်အချက်တွင် ဥပဒေများသည် မျှတရှင်းလင်းစွာရေးဆွဲ ထားပြီး တည်ငြိမ်၍ အများသိရှိစေရန် ပြုလုပ်ထားခြင်း၊ တပြေးညီတည်း အသုံးပြုခြင်း၊ တချို့ အခြေခံလူ့အခွင့်အရေးများ၊ လူအများ၏ လုံခြုံရေးနှင့် ပိုင်ဆိုင်မှုတို့ အပါအဝင် အခြေခံအခွင့်အရေးများကို ကာကွယ်ပေးခြင်း စသည်တို့ ပါဝင်သည်။ ပွင့်လင်းသည့်အစိုးရဆိုသည်မှာ မျှတ၍ ထိရောက်သောဥပဒေများကို ပြဌာန်း၊ စီမံ ကျင့်သုံး၍ ယင်းတို့ကို လူအများ လက်လှမ်းမီအောင် ဆောင်ရွက်မှုများကို ဆိုလိုသည်။ နောက်ဆုံး စံနှုန်း၏ ဆိုလိုရင်းမှာ လူ့အသိုင်းအဝန်းဖွဲ့စည်းထားမှုကိုထင်ဟပ်နေသော၊ လုံလောက်သည့် အရင်းအမြစ် များရှိသော၊ လူအများလက်လှမ်းမီနိုင်သည့် အနေအထားရှိသော အရည်အချင်းရှိပြီး ကျင့်ဝတ်များကို လိုက်နာသည့် လွတ်လပ်ဘက်မလိုက် သူများမှ တရားဥပဒေကို ဆောင်ကြဉ်းပေးခြင်း ဖြစ်သည်။


ထိုရိုးရှင်းသည့် အခြေခံစံနှုန်း တစ်စုံသည်ပင်လျှင် အချို့သူများအတွက် နားလည်ရန် ခက်ခဲကောင်းခက်ခဲ နေနိုင်သေးသည်။ ထို့ကြောင့် ကျွန်တော်သည် ယင်းတို့ကို ထပ်မံ၍ ရှင်းလင်းစေရန် တရားမျှတသည့် ဥပဒေဘောင် ရှိခြင်းနှင့် ထိုဥပဒေဘောင်ကို သင့်တင့်အောင် အသုံးချခြင်း ဟူ၍ သွင်ပြင် ၂ ခုအဖြစ် ရှုမြင်ကြည့် ပါသည်။ ပထမ သွင်ပြင်အတွက် ဥပဒေဘောင် ရှိနေခြင်းမျှဖြင့် မလုံလောက်ပါ။ လူအားလုံးအပေါ် ညီညွတ်မျှတသော သက်ရောက်မှု ရှိစေရန် ဦးတည်၍ ထိုဥပဒေဘောင်ကို စဉ်းစားရေးဆွဲရမည် ဖြစ်သည်။

ထို့အပြင် ယင်းသည် လျှင်မြန်စွာပြောင်းလဲနေသည့် အခြေအနေများတွင် အများအားဖြင့် တည်ငြိမ်မှု ရှိနေသင့်သည်။ ဒုတိယ သွင်ပြင်မှာ လက်တွေ့ကျင့်သုံးမှု အပိုင်းဖြစ်သည်။ သက်ဆိုင်သည့်သူများ (အထူးသဖြင့် အစိုးရ) မှ ဥပဒေများကို ကျင့်သုံးရာတွင် လူအားလုံး (ဥပဒေကို ကိုင်တွယ်ကျင့်သုံးသူများ အပါအဝင်) ဥပဒေများကို တန်းတူ လက်လှမ်းမီရန်နှင့် ဥပဒေ၏ ရှေ့မှောက်တွင် တူညီစွာ ပြုမူဆက်ဆံ ခံရစေရန် ရည်ရွယ်၍ ကျင့်သုံးရမည်။ ဥပဒေ၏အထက်တွင် မည်သူမျှ မရှိရန် လိုအပ်သည်။ ထိုသွင်ပြင် ၂ ခုအနက်မှ တစ်ခုကို ဦးစားပေးခြင်း၊ ခွဲခြားကျင့်သုံးခြင်းများ မလုပ်သင့်ပေ။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတစ်ခုတွင် စစ်မှန်သည့် တရားဥပဒေစိုးမိုးရေး ရှိလာစေရန် သူတို့ကို ခွဲခြား၍ မရသောကြောင့် ဖြစ်သည်။


တရားဥပဒေစိုးမိုးမှုဆိုသည်မှာ ရိုးရှင်းသော စကားလုံးတစ်လုံးဖြစ်ပါသည်၊ သို့ရာတွင် ဒီမိုကရေစီစနစ်သည် ထိုအချက်မရှိဘဲ မရှင်သန် မကြီးထွားနိုင်သောကြောင့် ယင်းသည် နိုင်ငံတစ်ခုအတွက် အလွန် အရေးကြီးပြီး အလွန်အကျိုးသက်ရောက်မှု ရှိပါသည်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုလမ်းကြောင်းကို သွားနေသော မြန်မာကဲ့သို့ နိုင်ငံတစ်ခုအတွက် ရည်မှန်းချက်ပန်းတိုင် ရောက်ရှိရန် ယင်းသည် အရေးအကြီးဆုံးအချက် ဖြစ်သောကြောင့် မြန်မာနိုင်ငံအတွင်း နေထိုင်သော သူများအနေနှင့် ယင်းကို နားလည်သဘောပေါက် ရန်လိုအပ်ပြီး နိုင်ငံအတွင်း စစ်မှန်သော တရားဥပဒေစိုးမိုးမှု ရှိလာစေရန် ကြိုးစားအားထုတ်ကြရမည် ဖြစ်ပါသည်။